ရှေ့သို့
Image

ဗီလာကို ပင်နယ်တီမှာ ကယ်တင်ဖို့က သူ့ရဲ့ကံကြမ္မာပဲလို့ ပြောကြားလိုက်တဲ့ မာတီနက်ဇ်

1:30 PM, 19 April

အက်စတွန်ဗီလာဂိုးသမား အီမီလီယာနို မာတီနက်ဇ်က ယမန်နေ့ညက လိုင်လီကို ပင်နယ်တီ အဆုံးအဖြတ်မှာအနိုင်ရပြီးနောက် ဗီလာကို ပင်နယ်တီမှာ ကယ်တင်ဖို့က သူ့ရဲ့ကံကြမ္မာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

အက်စတွန်ဗီလာဟာ လိုင်လီကို ယခု ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ၂-၁ နဲ့ပြန်လည်ရှုံးနိမ့်ခဲ့တာကြောင့် ၂ ကျော့ပေါင်းရလဒ် ၃-၃ ဖြစ်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။ ထို့နောက် ပင်နယ်တီအဆုံးအဖြတ်မှာတော့ ကမ္ဘာ့ဖလားချန်ပီယံ မာတီနက်ဇ်ရဲ့ လက်စွမ်းပြမှုနဲ့အတူ ၄-၃ နဲ့အနိုင်ရခဲ့ပြီး ဆီမီးဖိုင်သို့ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ယခုပွဲစဉ်ကို လိုင်လီအိမ်ကွင်းတည်ရှိရာ ပြင်သစ်နိုင်ငံမှာကစားခဲ့တာကြောင့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့တာကြောင့် မကျေမနပ်ဖြစ်နေကြဆဲဖြစ်တဲ့ ပြင်သစ်ပရိသတ်တွေက မာတီနက်ဇ်ကို ပွဲချိန်တစ်လျှောက်လုံး အနှောင့်အယှက်ပေး လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ 

သို့သော်လည်း ပွဲအပြီးမှာတော့ မာတီနက်ဇ်က အက်စတွန်ဗီလာကို ၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပဖလား ဆီမီးဖိုင်နယ်သို့ ပို့ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ မာတီနက်ဇ်က “ဒီပွဲက ကျွန်တော့်ရဲ့ဘောလုံးသမားဘဝရဲ့ အမိုက်စား မှတ်တမ်းတစ်ခုပါပဲ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့လူတစ်ယောက်ဖြစ်ပြီး ဗီလာကို ဒီလိုကယ်တင်နိုင်ဖို့ကလည်း ကျွန်တော့်ရဲ့ ကံကြမ္မာပါပဲ။ ကျွန်တော်အမြဲတမ်းပြောလေ့ရှိပါတယ်။ ဒီလို အသင်းဖော်တွေအနေနဲ့ အခိုက်အတန့်တွေမှာတော့ ကျွန်တော့်ကို ယုံကြည်ထားကြဖို့ပါ။ ကျွန်တော်တို့ မနေ့ညက မန်စီးတီးနဲ့ ရီးရဲလ်တို့ရဲ့ ပင်နယ်တီအဆုံးအဖြတ်ကိုကြည့်ရင်းနဲ့ ဒီလိုပင်နယ်တီအထိရောက်လာခဲ့ရင် ကျွန်တော်က ဂိုးကိုကာကွယ်နိုင်တယ်လို့အသိပေးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ မာတီနက်ဇ်ဟာ အဝါကတ် ၂ ကတ်ပြသခံခဲ့ရသော်လည်း လူသိနည်းတဲ့ ယူအီးအက်ဖ်အေရဲ့ စည်မျဉ်းအချို့ကြောင့် ကွင်းထဲနေတော့ ထုတ်ပယ်ခံခဲ့ရခြင်းမရှိပါဘူး။ အဆိုပါ အဝါကတ်ပြစ်ဒဏ်နဲ့ပတ်သက်ပြီး အာဂျင်တီးနားဂိုးသမားက “ကျွန်တော်ရခဲ့တဲ့ ဒုတိယအဝါကတ်က မထိုက်တန်ပါဘူး။ ပြိုင်ဘက်ရဲ့ဂိုးသမားကလည်း ကျွန်တော့်လို အချိန်ဆွဲနေခဲ့တာပါပဲ။ ဒါပေမယ့် ကျွန်တော့်ကို ကွင်းထ ဲမထုတ်ပယ်တာကတော့ ဘာကြောင့်လဲမသိပါဘူး။ ကျွန်တော်က စည်းမျဉ်းတွေအားလုံးကို မှတ်မထားပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ 

ယခုအခါမှာတော့ အက်စတွန်ဗီလာဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်တာကြောင့် ဆီဗီလာ၊ ဗီလာရီးရဲလ်တို့နဲ့အတူ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ အူနိုင်းအမ်မရီအနေနဲ့ ဗီလာကိုလည်း ဘယ်လောက်အထိ အောင်မြင်အောင်စွမ်းဆောင်သွားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

#အက်စတွန်ဗီလာ #မာတီနက်ဇ် #ပရီးမီးယားလိဂ်