ရှေ့သို့
Image

လာမယ့်ရာသီမှာလည်း ဒီရော့စီကို နည်းပြအဖြစ် ဆက်လက်ခန့်အပ်သွားမယ့် ရိုးမား

1:32 PM, 19 April

ရိုးမားဟာ လက်ရှိအသင်းနည်းပြ ဒီရော့စီကို ယခုရာသီကုန်အထိသာ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်သော်လည်း တိုးတက်တဲ့စွမ်းဆောင်ရည်တွေကြောင့် ဒီရာသီအပြီး ‌နောက်ရာသီအတွက်လည်း နည်းပြအဖြစ်  ဆက်လက်ခန့်အပ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ 

ရိုးမားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ နာမည်ကျော်နည်းပြ ဟိုဆေးမော်ရင်ဟိုကို ရာထူးကနေထုတ်ပယ်ခဲ့ပြီး ဒီရော့စီကို စတင်ခန့်အပ်ခဲ့ကာ အသက်-၄၀ နှစ်အရွယ် ကလပ်ဂန္ထဝင်ဝင်ကစားသမားလက်အောက်မှာ စပါယ်ရှယ်ဝမ်း လက်ထက်ကထက် ခြေစွမ်းကောင်းတွေပြသထားနိုင်တာဖြစ်ပါတယ်။ 

မော်ရင်ဟိုလက်အောက်မှာ အီတလီစီးရီးအေအမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာရောက်နေတဲ့ ရိုးမားကို လက်လွှဲရယူပြီးနောက်မှာ ဒီရော့စီဟာ လိဂ် ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင်စွမ်းဆောင်ထားခဲ့ပြီး လက်ရှိအချိန်မှာတော့ အဆင့် ၅ နေရာအထိ ပို့ဆောင်ပေးထားနိုင်တာဖြစ်ပါတယ်။  ဒါ့အပြင် အီတလီလက်ရွေးစင်ကစားသမားဟောင်းရဲ့ ဦးဆောင်မှုနဲ့အတူ ရိုးမားဟာ ယူရိုပါလိဂ်မှာလည်း အခြေအနေကောင်းနေပြီး ခက်ခဲတဲ့ ပြိုင်ဘက် အေစီမီလန်ကို ကွာတားဖိုင်နယ်မှာ ဖြုတ်ချကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

အေစီမီလန်နဲ့ပွဲစဉ်မတိုင်ခင်မှာ ဒီရော့စီက "ကျွန်တော်က ရိုးမားနည်းပြအဖြစ် ဆက်လက်တာဝန်ယူသွားရမယ်လို့ ကြေညာထားပြီးပါပြီ။ ဒီညဖြစ်လာမယ့် ရလဒ်တွေနဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် ဒီလိုကြေညာချက်က ကျွန်တော့်အတွက် တွန်းအားဖြစ်စေပါတယ်။ ကျွန်တော့်ကို ၃ လလောက်အထိ ယုံကြည်ပေးခဲ့ကြတာပါ။ ဒီကြေညာချက်ကို ကျွန်တော် အောင်ပွဲမခံနိုင်သေးပါဘူး။ မီလန်နဲ့ပွဲအတွက် အာရုံစိုက်နေရလို့ပါ" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်တနင်္လာနေ့မှာတော့ ဒီရော့စီရဲ့ ရိုးမားဟာ စီးရီးအေပွဲစဉ်အဖြစ် ခက်ခဲတဲ့ပြိုင်ဘက် ဘိုလော့ဂ်နာကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 

#စီးရီးအေ #ရိုးမား #ဒီရော့စီ