ရှေ့သို့
Image

အီဆက်နဲ့ အိုလီဆီတို့ကို ခေါ်ယူဖို့ ပေါင် ၁၆၅ သန်းလောက်အထိ အသုံးပြုသွားမယ့် အာဆင်နယ်

1:34 PM, 19 April

အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီမှာ ကြီးမားတဲ့ခေါ်ယူမှုတွေပြုလုပ်ဖို့ ပြင်ဆင်နေပြီး နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်နဲ့ ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်လူ မိုက်ကယ်အိုလီဆီတို့ကိုပစ်မှတ်ထားနေကာ ကစားသမား ၂ ဦးအတွက် ပေါင် ၁၆၅ သန်းလောက်အထိ အသုံးပြုသွားဖွယ်ရှိနေပါတယ်။ 

သတင်းတွေအရ အာဆင်နယ်ဟာ အီဆက်ကိုခေါ်ယူဖို့ ပေါင်သန်း ၁၀၀ အထိသုံးစွဲသွားမှာဖြစ်ပြီး အိုလီဆီကိုတော့ ပေါင် ၆၅ သန်းတန်ကြေးသတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အာတီတာရဲ့အသင်းဟာ အခြားကစားသမားတွေဖြစ်တဲ့ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာနဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်စကိုတို့အပြင် ဝုဗ်တောင်ပံကစားသမား နီတိုနဲ့ ဘီလ်ဘာအိုတိုက်စစ်မှူး နီကိုဝီလီယံစ်တို့ကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ 

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာကို ၀-၂ နဲ့ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာလည်း ဘိုင်ယန်မြူးနစ်ကို ၂ ကျော့ပေါင်း ၃-၂ နဲ့အရေးနိမ့်ကာ ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီးနောက် ဒီလိုအပြောင်းအရွှေ့လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်ပဲဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ဆုဖလားအောင်မြင်မှုအတွက် ငွေကြေးသုံးစွဲဖို့ လိုအပ်နေကြောင်း ဘောလုံးဝေဖန်သုံးသပ်သူတွေက ယူဆထားကြပြီး အာတီတာအနေနဲ့လည်း နွေရာသီမှာ အသင်းအတွက် ပြောင်းလဲမှုတွေ ယူ‌ဆောင်လာဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ 

အာဆင်နယ်ဟာ အီဆက်ကို ရီးရဲလ်ဆိုစီဒက်မှာကတည်းက ခေါ်ယူဖို့ ကင်းထောက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သော်လည်း နယူးကာဆယ်က လက်ဦးမှုရယူခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ပေါင် ၆၃ သန်းနဲ့ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ပစ်မှတ်အနေနဲ့ အာဆင်နယ်ဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်ကို စောင့်ကြည့်နေနိုင်သော်လည်း ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးကိုတော့ စိတ်ဝင်စားမှုလျော့နည်းသွားပြီလို့သိရပါတယ်။

ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အနေနဲ့ ဒီအချိန်မှာတော့ နောက်ဆုံးအခွင့်အရေးသာကျန်ရှိတော့တဲ့ ပရီးမီးယားလိဂ်ကို အာရုံစိုက်သွားတော့မှာဖြစ်ပြီး လာမယ့် စနေနေ့မှာတော့ အမှတ်ပေးဇယားအလယ်က ဝုဗ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#အာဆင်နယ် #အီဆက် #ပရီးမီးယားလိဂ်