ရှေ့သို့
Image

ယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ ရာသီကို ကာကွယ်ပြောဆိုလာတဲ့ အန်တိုနီ

1:35 PM, 19 April

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အန်တိုနီဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အသင်းအတွက် ၁ ဂိုးမှသွင်းယူနိုင်ခဲ့ခြင်းမရှိသော်လည်း ယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ ပုံစံကို ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ဘရာဇီးလက်ရွေးစင်ကစားသမားကို အေဂျက်စ်ကနေ ခေါ်ယူဖို့ ပေါင် ၈၆ သန်းအထိ သုံးစွဲခဲ့သော်လည်း ကစားသမားဟာ ထင်ထားသလောက် ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိဘဲ အထူးသဖြင့် လက်ရှိ ဒုတိယရာသီမှာ ဂိုးဖန်တီးမှု ၁ ကြိမ်သာပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ 

အန်တိုနီဟာ ဒီရာသီ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ၂၅ ပွဲအထိ ပါဝင်ကစားထားသော်လည်း အခုချိန်ထိ ဂိုးသွင်းယူနိုင်ခြင်းတော့မရှိသေးပါဘူး။ အသက်-၂၄ နှစ်အရွယ်ကစားသမားဟာ မကြာသေးမီက ချဲလ်ဆီးကို ၄-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတော့ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ဒီရာသီမှာ ညံ့ဖျင်းတဲ့ပုံစံရှိနေပေမယ့် ယခုအခါမှာ အန်တိုနီကတော့ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မိကြောင်းနဲ့  ကစားပုံကို အားရမိတယ်လို့ပြောကြားလာခဲ့ပါတယ်။ တောင်ပံကစားသမားက"ကျွန်တော့်ရဲ့ လက်ရှိကစားပုံကို အားရကျေနပ်မိပါတယ်။ ဒီလိုကစားနိုင်ဖို့ နေ့တိုင်းကြိုးစားခဲ့ရတာပါ။ ကျွန်တော်အခုလို လနဲ့ချီပြီး လေ့ကျင့်မှုပြုလုပ်ခဲ့ရတာကြောင့် စွမ်းဆောင်ရည်ပိုကောင်းလာတယ်လို့ ခံစားရပြီး ပွဲစဉ်တိုင်းမှာ တိုးတက်မှုပြုလုပ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ချဲလ်ဆီးနဲ့ပွဲစဉ်မှာပြုလုပ်ခဲ့တဲ့ ဂိုးဖန်တီးမှုနဲ့ပတ်သက်ပြီးတော့လည်း အန်တိုနီက "ဒီလိုအခိုက်အတန့်တွေ အများကြီးလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ပြောခဲ့သလို ကျွန်တော်တို့ရဲ့ ယုံကြည်မှုက လေ့ကျင့်မှုနဲ့အတူ တိုးတက်လာခဲ့ပါပြီ။ ကျွန်တော်တို့ အများကြီးဖြတ်သန်းခဲ့ရပေမယ့် အခုချိန်မှာတော့ အသားကျနေပါပြီ။ အရေးကြီးတာက ဘယ်လိုအခြေအနေမျိုးမှာမဆို ဆက်သွားနေဖို့ပါပဲ။ ဂါနာချိုအတွက် ပြုလုပ်နိုင်ခဲ့တဲ့ ဖန်တီးမှုအတွက်လည်း အရမ်းကျေနပ်မိပြီး နောက်ပိုင်းမှာ ပိုကောင်းတဲ့ ခြေစွမ်းတွေပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #အန်တိုနီ #ပရီးမီးယားလိဂ်