ရှေ့သို့
Image

အာဆင်နယ်ကို ၅-၀ နဲ့အရှက်တကွဲရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးနဲ့ အနာဂတ်မရေမရာဖြစ်လာတဲ့ ပိုချက်တီနို

2:23 PM, 25 April

ချဲလ်ဆီးနည်းပြ မော်ရီစီယိုပိုချက်တီနိုဟာ ယမန်နေ့က မြို့ခံပြိုင်ဘက် အာဆင်နယ်ကို ၅-၀ နဲ့ အရှက်တကွဲဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းမှာ ဆက်လက်ကျန်ရှိဖို့ အနာဂတ်မရေရာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာလည်း နောက်ရာသီမှာ ချဲလ်ဆီးကို ဆက်လက်ကိုင်တွယ်ဖို့ အာမခံချက်မရှိသေးတဲ့ ပိုချက်တီနိုက သူ့ရဲ့အသင်းဟာ ကစားပုံဆိုးရွားလွန်းခဲ့တယ်လို့ ဝန်ခံခဲ့တာလည်းဖြစ်ပါတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမှတ်ရသေးသော်လည်း ချဲလ်ဆီးနဲ့အတူ ဆိုးရွားတဲ့ရာသီကိုဖြတ်သန်းထားရတဲ့ပိုချက်တီနိုက စတန်းဖို့ဒ်ဘရစ်ချ်မှာ ထောက်ခံမှုအချို့ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ မေလမှာ ချဲလ်ဆီးနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုပြီး အပိုရွေးချယ်ခွင့် ၁ နှစ်ရှိနေတဲ့ ပိုချက်တီနိုဟာ လက်ရှိ ၂၀၂၃-၂၄ ရာသီမှာတော့ အားရလောက်စရာစွမ်းဆောင်ချက်တွေကို ပြသထားနိုင်ခြင်းမရှိသေးဘဲ ဖလားလက်မဲ့ရာသီကို ဆက်လက်ဖြတ်သန်းရမယ့်အပြင် ဥရောဝင်ခွင့်အတွက်လည်း မသေချာတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးပရိသတ်အချို့ကလည်း ဒီရာသီမှာ ပိုချက်တီနိုစွမ်းဆောင်ထားနိုင်တဲ့ အကောင်းဆုံးအချက်မှာ ခြေစွမ်းပြသနေတဲ့ ကွင်းလယ်လူ ကိုးလ်ပယ်မာကို ခေါ်ယူထားခြင်းတစ်ခုသာရှိတယ်လို့ ရှုမြင်နေကြပါတယ်။

အင်္ဂါနေ့က ၅-၀ အနိုင်ရခဲ့တဲ့ပွဲစဉ်ဟာ အာဆင်နယ်အတွက် အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံမှာ ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ အကြီးမားဆုံး အောင်ပွဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီး အနေနဲ့လည်း ၁၉၈၆ ခုနှစ် မတ်လမှာ ကျူပီအာကို ၆-၀ နဲ့ရှုံးနိမ့်ပြီးနောက် အကြီးမားဆုံးသော လန်ဒန်ဒါဘီရှုံးပွဲဖြစ်ခဲ့ပါတယ်။

ပိုချက်တီနိုအနေနဲ့ ချဲလ်ဆီးနည်းပြရာထူးမှာ ဆက်လက်ကျန်ရှိစေရန် ကြိုးစားဖို့ နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကျန်ရှိနေသေးသော်လည်း ခက်ခဲတဲ့ ပွဲစဉ်အချို့နဲ့ ရင်ဆိုင်ရဖို့ရှိနေပါသေးတယ်။ ပိုချက်တီနိုရဲ့အသင်းဟာ လာမယ့်ရက်သတ္တပတ်တွေမှာ ခက်ခဲတဲ့ပွဲစဉ်တွေအဖြစ် တော့တင်ဟမ်၊ ဝက်စ်ဟမ်း၊ ဘရိုက်တန်တို့နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး အာဆင်နယ်နဲ့ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ ပယ်မာအနေနဲ့ ပြန်လည်ပါဝင်လာနိုင်တော့မှာဖြစ်ပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #ပိုချက်တီနို #ပရီးမီးယားလိဂ်