ရှေ့သို့
Image

ဖာနန်ဒက်စ်အပေါ် စိတ်ပျက်နေတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မမှန်ကြောင်း ဖြေရှင်းလာတဲ့ ဟွိုက်လန်း

2:54 PM, 2 May

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်စ်မက်စ်ဟွိုက်လန်းက သူဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖန်တီးမှုမပြုလုပ်နိုင်တဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ပျက်နေတယ်ဆိုတဲ့ သတင်းတွေကမဟုတ်မမှန်ကြောင်း ဖြေရှင်းလာခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ၂၀၂၀ မှာ စပို့တင်းကနေ အိုးလ်ထရက်ဖို့ဒ်သို့ ပေါင် ၆၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ရာသီတိုင်းမှာ ခြေစွမ်းပြကစားနေကာ သူ့ရဲ့ ပရီးမီးယားလိဂ်ကစားသမားဘဝပထမဆုံးရာသီမှာလည်း ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂိုးသွင်းစွမ်းရည်သာမက ဂိုးဖန်တီးမှုစွမ်းရည်ပါ မြင့်မားတဲ့ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက တန်ဟက်ရဲ့လက်အောက်မှာလည်း အဓိက ကစားသမားအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ယခုရာသီမှာတော့ ဟယ်ရီမက်ဂွါရီထံမှ အသင်းခေါင်းဆောင်လက်ပတ်ကိုပါ ဆက်ခံခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာလည်း ပြိုင်ပွဲစုံမှာ ခြေစွမ်းပြသနေပြီး ၁၅ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိပြုလုပ်ထားပေမယ့် မကြာသေးမီက အသင်းရဲ့တိုက်စစ်မှူး ဟွိုက်လန်းက သူ့ကို ဖန်တီးမှုလုံလုံလောက်လောက်မပြုလုပ်ပေးနိုင်တာကြောင့် စိတ်ပျက်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

သို့သော်လည်း ယခုအခါမှာတော့ ဟွိုက်လန်းက အဆိုပါ သတင်းတွေဟာ မဟုတ်မမှန်ကြောင်းနဲ့ ဖာနန်ဒက်စ်ဟာယူနိုက်တက်ရဲ့ စစ်မှန်တဲ့အသင်းခေါင်းဆောင်ဖြစ်ကြောင်းနဲ့ ဒီလိုသတင်းတွေက ခြေစွမ်းမြင့်မားတဲ့ ဖာနန်ဒက်စ်အတွက် တရားမျှတမှုမရှိကြောင်း ဖြေရှင်းလာခဲ့ပါတယ်။

ဟွိုက်လန်းက “ကျွန်တော်သူ့ကိုပြောချင်တာကတော့ သူကျွန်တော့်ကို ပေးတဲ့ဘောလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပါ ဘရူနို သူအခုလို ဝေဖန်ခံနေရတွေက မတရားပါဘူး။ သူက ထိပ်တန်းခြေစွမ်းမျိုးပိုင်ဆိုင်ထားပြီး မယုံနိုင်စရာ အသင်းခေါင်းဆောင်တစ်ယောက်ပါ။ ကျွန်တော်တို့မှာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။ ဒါက ကျွန်တော့်ရဲ့ ပထမဆုံး ဆုဖလားဖြစ်လာမှာပါ။ ရာသီကုန်မှာ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာနန်ဒက်စ် #ပရီးမီးယားလိဂ် #ဟွိုက်လန်း