ရှေ့သို့
Image

လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ငါးနေရာအထိ ရရှိမယ့် ဂျာမန်ဘွန်ဒက်စ်လီဂါ

3:54 PM, 2 May

ဒီနေ့မနက်ပိုင်း၊ ဒေါ့မွန်က ပီအက်စ်ဂျီကို အနိုင်ရရှိပြီးနောက် ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲဟာ အခုရာသီ၊ ယူအီးအက်ဖ်အေ အညွှန်းကိန်းဇယားထိပ်ဆုံးနှစ်နေရာအနက် တစ်နေရာရရှိဖို့ သေချာသွားခဲ့လို့ လာမယ့်ရာသီ၊ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘွန်ဒက်စ်လီဂါကလပ်အသင်းငါးခု ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

ချန်ပီယံလိဂ်ကို ပြိုင်ပွဲဝင်ကလပ်အသင်း ၃၆ ခုဖြင့် ပြောင်းလဲယှဉ်ပြိုင်စေမယ့် ပုံစံသစ်ရဲ့တစိတ်တပိုင်း အဖြစ် ရာသီအလိုက်ဥရောပအဆင့်ပြိုင်ပွဲဝင်ကလပ်အသင်းတွေရဲ့ သက်ဆိုင်ရာလိဂ်အလိုက် စွမ်းဆောင်ရည်အညွှန်းကိန်းတွေကို အမှတ်ပေးကာ ထိပ်ဆုံးလိဂ်နှစ်ခုကို ဆက်စပ်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစီ အပိုဆောင်းချီးမြှင့်ပေးဖို့ ပြင်ဆင်ထားပါတယ်။

ပြီးခဲ့တဲ့လမှာပဲ စီးရီးအေက လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင်အပိုဆောင်းတစ်နေရာကို လက်ဝယ်ပိုင်ပိုင် ရရှိခဲ့ပါတယ်။ အခု ဒေါ့မွန်ရဲ့နိုင်ပွဲကတော့ လက်ကျန်အပိုထပ်ဆောင်းတစ်နေရာအတွက် ဂျာမနီကို အင်္ဂလန်ပရီးမီးယားလိဂ်နဲ့ ပြင်သစ်လီဂူးဝမ်းတို့က မကျော်ဖြတ်နိုင်တော့ဘူးလို့ အဓိပ္ပါယ်သက်ရောက်လာစေပါတယ်။

ပီအက်စ်ဂျီကို အနိုင်ရရှိပြီးနောက် ဒေါ့မွန်နည်းပြတာဇစ်က “ဘွန်ဒက်စ်လီဂါထိပ်ဆုံးလေးသင်းအဖြစ်နဲ့ပဲ ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိချင်ပါတယ်။ အပိုထပ်ဆောင်းတစ်နေရာနဲ့ ဝင်ခွင့်ရရှိတာမျိုး မလိုချင်ပါဘူး။ ဒါပေမယ့် အခုလိုငါးနေရာအထိ ဝင်ခွင့်ရရှိတာကလည်း ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှု၊ ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေ တစိတ်တပိုင်းအဖြစ် ပါဝင်နေပြန်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ အနိမ့်ဆုံးရည်မှန်းချက်က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ဖြစ်ပါတယ်။ အခုအပိုတစ်နေရာက ကျွန်တော်တို့ရဲ့ဘွန်ဒက်စ်လီဂါဘောလုံးရာသီကို မတိုးတက်လာစေပါဘူး။ ဒါပေမယ့် သက်သောင့်သက်သာနဲ့ ရာသီသိမ်းနိုင်ခွင့်ရှိလာပါတယ်”လို့ ပြောပါတယ်။

ဥရောပပြိုင်ပွဲတွေရဲ့ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေ စတင်ချိန် ပရီးမီးယားလိဂ်က အီတလီရဲ့နောက်မှာ အပိုထပ်ဆောင်းတစ်နေရာကို ရယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကွာတားဖိုင်နယ်အဆင့်မှာ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူး၊ ဝက်စ်ဟမ်းတို့က သက်ဆိုင်ရာပြိုင်ပွဲအသီးသီးကို လက်ပြနှုတ်ဆက်ခဲ့ရပြီး အက်စတွန်ဗီလာကသာ ယူရိုပါကွန်ဖရန့်လိဂ်မှာ ရှေ့ဆက်လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

ဂျာမန်ကလပ်အသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ လေဗာကူဆင်တို့က အင်္ဂလိပ်ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ ဝက်စ်ဟမ်းတို့ကိုကျော်ဖြတ်ကာ နောက်တစ်ဆင့်ဆီ တက်လှမ်းလာခဲ့ပြီးနောက် ဂျာမနီက အပိုထပ်ဆောင်းတစ်နေရာကို ရယူနိုင်ဖို့ အားအကောင်းဆုံးအနေအထား ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာတော့ ဘွန်ဒက်စ်လီဂါပွဲစဉ်သုံးခုသာ ကျန်ရှိတော့ချိန် အဆင့်လေးနေရာရှိ လိုက်ပ်ဇစ်နဲ့ ငါးမှတ်အကွာ၊ အဆင့်ငါးနေရာမှာရပ်တည်နေတဲ့ ဒေါ့မွန်ကပဲ ဘွန်ဒက်စ်လီဂါပြိုင်ပွဲရရှိလာမယ့် အပိုထပ်ဆောင်းဝင်ခွင့်တစ်နေရာကို သိမ်းပိုက်သွားဖွယ် ရှိနေပါတယ်။

ဒေါ့မွန်သာ ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးပြီး ဘွန်ဒက်စ်လီဂါအဆင့်ငါးနေရာဖြင့် ရာသီသိမ်းခဲ့မယ်ဆိုရင် ဘွန်ဒက်စ်လီဂါကလပ်အသင်း ခြောက်ခုအထိ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားပါလိမ့်မယ်။ ဒီအသင်းတွေကတော့ အမှတ်ပေးဇယားထိပ်ဆုံးလေးသင်း၊ ချန်ပီယံလိဂ်ချန်ပီယံဒေါ့မွန်နဲ့ အပိုထပ်ဆောင်းဝင်ခွင့်တစ်နေရာကို ဆက်ခံမယ့်အသင်းတို့ပဲ ဖြစ်ပါတယ်။ တဖက်မှာတော့ ဒေါ့မွန်ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်ရယူသွားမှုကြောင့် ဘွန်ဒက်စ်လီဂါအနေဖြင့် ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့် တစ်နေရာကို လက်လွှတ်သွားရပါလိမ့်မယ်။

#ဒေါ့မွန် #ဘွန်ဒက်စ်လီဂါ