ရှေ့သို့
Image

အနာဂတ်မှာ ဘာဖြစ်မလဲ မသိသေးဘူးလို့ ထုတ်ဖော်ပြောကြားလာတဲ့ ဆန်ချို

3:25 PM, 2 May

ဒေါ့မွန်မှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ဂျေဒန်ဆန်ချိုက ယမန်နေ့ညက ပီအက်စ်ဂျီကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ ပွဲစဉ်အပြီးမှာ အနာဂတ်မှာ ဘာတွေဖြစ်လာဦးမလဲဆိုတာ မသိသေးဘူးလို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ မန်နေဂျာ အဲရစ်တန်ဟက်နဲ့ လူသိရှင်ကြား အငြားပွားပြီးနောက် ယူနိုက်တက်ရဲ့ လူစာရင်းကနေ ထုတ်ပယ်ခံလိုက်တဲ့ ဆန်ချိုဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ အသင်းဟောင်း ဒေါ့မွန်ထံ ၆ လစာချုပ်နဲ့ အငှားလာရောက်ကစားနေပြီး ခြေစွမ်းကောင်းကို တောက်လျှောက်ပြသထားနိုင်တာဖြစ်ပါတယ်။

ဆန်ချိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒေါ့မွန်အတွက် အထူးခြေစွမ်းပြကစားထားနိုင်ပြီး ယခု ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင်၊ ကွာတားဖိုင်နယ်နဲ့ ၁၆ သင်းအဆင့်ပွဲစဉ်တွေဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်၊ ပီအက်စ်ဗွီတို့နဲ့ တွေ့ဆုံခဲ့စဉ်မှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ခြေစွမ်းပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခု ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီနဲ့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ပြိုင်ဘက်ရဲ့ နောက်တန်းကို အထူးမွှေနှောက်ကစားနိုင်ခဲ့တဲ့ အသက်-၂၃ နှစ်အရွယ် ကစားသမားဟာ ဂိုးရရန်အခွင့်အရေးဖန်တီးမှု ၃ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးသော်လည်း ဒေါ့မွန်ဘက်ကတော့ ကစားသမားကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီးလာမယ့် နွေရာသီအပြောင်းအရွှေ့မှာပဲ အကောင်အထည်ဖော်ဖို့ရှိနေတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဆန်ချိုအနေနဲ့ ယူနိုက်တက်မှာ ဆက်လက်နေထိုင်ဖို့ရှိမရှိမေးမြန်းခဲ့ရာ ကစားသမားက “ကျွန်တော်အခုချိန်အထိ မသိသေးပါဘူး။ အခုကတော့ လက်ရှိလုပ်နေတဲ့ အလုပ်ပေါ်မှာပဲ အပြည့်အဝအာရုံစိုက်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မကြာသေးမီက အိုးလ်ထရက်ဖို့ဒ်မှာဖိအားတွေများနေတဲ့ နည်းပြ အဲရစ်တန်ဟက်ကို ဆန်ချိုရဲ့ ပြန်လာနိုင်ချေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာ နယ်သာလန်သားက “ကျွန်တော်က နိုင်ငံတကာ ဘောလုံးစည်းကမ်းတွေကိုလိုက်နာပြီး အခြားကလပ်မှာရှိနေတဲ့ အသင်းရဲ့ အငှားကစားသမားတွေကိုလည်း လိုက်နာပါတယ်။ဒေါ့မွန်အနေနဲ့ အက်သလက်တီကိုကို အနိုင်ရခဲ့တာက ချီးကျူးစရာပါ။ ပြီးတော့ ဆန်ချိုကလည်း ဒေါ့မွန်အတွက် အထောက်အကူဖြစ်ခဲ့တာ ဝမ်းသာပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုကို ၂၀၂၁ ခုနှစ်မှာ ဒေါ့မွန်ကနေခေါ်ယူခဲ့ပြီး ပြောင်းရွှေ့ကြေးပေါင် ၇၂ သန်းအထိအသုံးပြုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒေါ့မွန် #ပီအက်စ်ဂျီ #ဆန်ချို #ပရီးမီးယားလိဂ်