ရှေ့သို့
Image

တော့တင်ဟမ်နဲ့ပွဲစဉ်မှာ အဓိက ကစားသမား ၂ ဦးပါဝင်နိုင်မှာမဟုတ်တဲ့ ချဲလ်ဆီး

4:14 PM, 2 May

ချဲလ်ဆီးနည်းပြ မော်ရီစီယိုပိုချက်တီနိုက အသင်းရဲ့အဓိက ကစားသမား ၂ ဦးဖြစ်တဲ့ ခရစ္စတိုဖာအန်ကွန်ကူနဲ့ လီဗီကို၀ဲလ်တို့ဟာ ဒဏ်ရာမှပြန်လည် သက်သာလာခဲ့ပြီးဖြစ်သော်လည်း တော့တင်ဟမ်နဲ့ပွဲစဉ်မှာတော့ ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ အသိပေးပြောကြားလာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ သောကြာနေ့မနက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်သော်လည်း ကစားသမား ၁၄ ယောက်အထိ ဒဏ်ရာ ရနေတာကြောင့် အသင်းရဲ့ လူငယ်ကစားသမားအချို့ကို ထည့်သွင်းအသုံးပြုသွားရမယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။

ပိုချက်တီနိုက “ကို၀ဲလ်နဲ့ အန်ကွန်ကူတို့က လေ့ကျင့်ရေးဆင်းနေပါတယ်။ ဒီနေ့ ပုံမှန်အတိုင်းပဲ မနက်ဖြန်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။ နည်းဗျူဟာပိုင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ သူတို့ ၂ ယောက်ကလည်း ကစားနိုင်ဖို့နီးစပ်နေပါပြီ။ တနင်္ဂနွေနေ့ ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ ပါဝင်နိုင်ကြမယ်လို့ ထင်ပါတယ်။ မနက်ဖြန်၊ သောကြာနဲ့ စနေနေ့တွေမှာတော့ သူတို့အနေနဲ့ ကစားနိုင်မလားဆိုတာ အကဲဖြတ်သွားမှာပါ။ သူတို့ နီးစပ်နေပါပြီ” လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့တဲ့ နောက်ခံလူသီယာဂိုဆေးလ်ဗားကတော့ ယခုတစ်ပတ်အတွင်းမှာပဲ နွေရာသီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက်-၃၉ နှစ်အရွယ် ကစားသမားကို ဆုံးရှုံးရမှာက ချဲလ်ဆီးရဲ့ ပျမ်းမျှအသက်အရွယ်ကို သိသိသာသာကျဆင်းသွားစေမှာဖြစ်သော်လည်း ပိုချက်တီနိုကတော့ ဆေးလ်ဗားမရှိတဲ့နောက်ပိုင်းမှာ အသင်းအတွက်ခေါင်းဆောင်အသစ်တွေကို ထပ်မံမြင်တွေ့ရဖို့ မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားသားနည်းပြက “ဆေးလ်ဗားမရှိတော့တဲ့ အချိန်မှာ အသင်းအတွက် ခေါင်းဆောင်အသစ်တွေကို ထပ်မံမြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် သူ့လိုမျိုး ကစားသမားတစ်ယောက်ကို နောက်ထပ်တစ်ကြိမ်ရှာဖွေနိုင်ဖို့က အရမ်းခက်ခဲပါလိမ့်မယ်။ ကျွန်တော်ပြောချင်တာက သူက အသက်-၃၉ နှစ်အရွယ်ကစားသမားပါ။ ဒီလိုပရိုဖိုင်နဲ့ ကစားသမားကို မြင်တွေ့ရဖို့ မလွယ်ကူပါဘူး။ အသင်းရဲ့ကစားသမားတွေအနေနဲ့လည်း နောက်ရာသီမှာ ပိုမိုရင့်ကျက်လာမယ်လို့ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #တော့တင်ဟမ် #ပိုချက်တီနို #အန်ကွန်ကူ #လီဗီကိုဝဲလ် #ပရီးမီးယားလိဂ်