ရှေ့သို့
Image

ဒေါ့မွန်ကို ရှုံးနိမ့်ခဲ့ပေမယ့် ပီအက်စ်ဂျီမှာလည်း အခွင့်အရေးရှိနေဆဲပဲလို့ ယုံကြည်နေတဲ့ အင်းနရစ်

4:20 PM, 2 May

ဒီနေ့မနက်ပိုင်း၊ ဂျာမနီမြေမှာ ဒေါ့မွန်ကို စိတ်ပျက်ဖွယ်ရှုံးနိမ့်ပြီးနောက် ပီအက်စ်ဂျီနည်းပြအင်းနရစ်က လာမယ့်သီတင်းပတ်၊ ပါရီမြေမှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်အတွင်း သူ့အသင်းရရှိနိုင်တဲ့ အခွင့်အလမ်းတွေနဲ့ပတ်သက်လို့ စိတ်အားထက်သန်မှုအပြည့် ရှိနေပြန်ပါတယ်။

ပီအက်စ်ဂျီအတွက် ဒေါ့မွန်အိမ်ကွင်းမှာ တစ်ဂိုးအကွာနဲ့ရှုံးနိမ့်ထွက်ခွာရတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၂၀ ပြည့်နှစ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်မှာ ပါရီသားတွေက နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးဖြင့် ဒေါ့မွန်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲအထိ ခရီးဆက်ခဲ့ဖူးပါတယ်။ ဒီနေ့မနက်ပိုင်းပွဲစဉ်မှာ စိတ်ပျက်စရာစွမ်းဆောင်ရည်မျိုး ပြသခဲ့ပေမယ့် အင်းနရစ်ကတော့ သူ့အသင်းအတွက် အခွင့်အရေးရှိနေဆဲပဲလို့ ယုံကြည်နေပါတယ်။

စပိန်သားနည်းပြက “ကျွန်တော်တို့ နောက်တစ်ဆင့်တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ လုံးဝကွဲပြားခြားနားတဲ့ ဇာတ်ညွှန်းတစ်ခုနဲ့ အိမ်ကွင်းမှာ ကျွန်တော်တို့ ကစားသွားရပါလိမ့်မယ်။ ဒါက အခုဘောလုံးရာသီ၊ အိမ်ကွင်းမှာ ဒုတိယအကျော့ကိုလက်ခံကစားခွင့်ရရှိမယ့် ပထမဆုံးပွဲစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် ဆုံးရှုံးစရာဘာမှမရှိတော့ပါဘူး။ ရလဒ်အတွက်ပဲ ကျွန်တော်တို့ မျှော်လင့်သွားပါတော့မယ်။ အထူးသဖြင့် ကျွန်တော်တို့အသင်းပရိသတ် ၃၀၀၀ ရှေ့မှောက်မှာ အားပေးမှုတွေက အံ့မခန်းဖြစ်ခဲ့ပါတယ်။ ဒုတိယအကျော့မှာဆိုရင်တော့ လုံးဝကွဲပြားခြားနားနေပါလိမ့်မယ်။ ဒီညမှာဆိုရင်လည်း ကျွန်တော်တို့အသင်းပရိသတ် ၃,၀၀၀ လောက်က မရပ်မနားအော်ဟစ်အားပေးခဲ့ပါတယ်။ ပါရီမှာဆိုရင်တော့ ဒါက လူဦးရေ ၅၀,၀၀၀ လောက်အထိ ဖြစ်သွားပါလိမ့်မယ်။ ဒီကြားထဲမှာ ကစားရမယ့်ပွဲစဉ်မရှိပါဘူး။ ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ပဲ မျှော်လင့်ထားရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ပရိသတ်တွေဂုဏ်ယူနိုင်ရေးအတွက် ဒီအရာကို ဖြစ်မြောက်အောင် လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်၊ ပထမပိုင်းပွဲချိန်အတွင်း အသင်းရဲ့စိတ်ဓါတ်ပြင်းထန်မှုပိုင်းနဲ့ပတ်သက်ပြီး လိုအပ်ချက်ရှိခဲ့မှုအပေါ် အင်းနရစ် ဝမ်းနည်းကြေကွဲခဲ့ပါတယ်။ သူက “ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်က ပြိုင်ဘက်ကို ဖိအားပေးထားနိုင်ဖို့ပါ။ ဒေါ့မွန်က ဘောလုံးကို အဝေးဘော၊ အနီးဘော နှစ်မျိုးလုံးနဲ့ ကစားနိုင်စွမ်းရှိပါတယ်။ ကျွန်တော်တို့ရဲ့ညာခြမ်းကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပေမယ့် ပြိုင်ဘက်ရဲ့အဝေးဘောပေးပို့မှုအောက်မှာ ဘာကိုလာနဲ့အတူ 2 vs 1 အခြေအနေမျိုးတွေ ခွင့်ပြုပေးခဲ့ရပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း ကျွန်တော်တို့အသင်း တိုက်စစ်ပိုင်းက စိတ်အားထက်သန်မှု ချို့တဲ့နေခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ လုံးဝကို ကွဲပြားခြားနားသွားပါတယ်။ ပထမပိုင်းအပြီး ကျွန်တော်တို့တွေ နည်းဗျူဟာပိုင်းအပြောင်းအလဲ မလုပ်ခဲ့ပါဘူး။ စိတ်ဓါတ်ပြင်းထန်မှုအားနည်းချက်သာ ဖြစ်ပါတယ်"

"ကျွန်တော်တို့တွေ တိုက်စစ်ပိုင်းမှာ ပိုပြီးပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ လိုအပ်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ကျွန်တော်တို့အသင်း ဒီအပိုင်းမှာ ပိုကောင်းလာခဲ့ပါတယ်။ ပထမပိုင်းအပြီး စိတ်ဓါတ်ပိုင်းနဲ့ပတ်သက်လို့ ကစားသမားတွေကို ကျွန်တော် ဘာမှမပြောခဲ့ပါဘူး။ ကျွန်တော်တို့အတွက် ချေပဂိုးရရှိဖို့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ အသင်းအတွက် အကောင်းဆုံးဖြစ်မယ်လို့ ယူဆရတဲ့ကစားသမားတွေကိုပဲ နည်းပြတွေက အမြဲတမ်းရွေးချယ်ပေးရလေ့ရှိပါတယ်။ ကျွန်တော့်ရဲ့လူစားလဲလှယ်မှုတွေကို မသုံးသပ်ခင် ပွဲကို ပြန်ကြည့်ရပါမယ်။ နှစ်သင်းလုံးက အကောင်းဆုံး ကစားခဲ့ပါတယ်။ အထူးသဖြင့် ဘောလုံးပိုင်ဆိုင်ထားချိန်တွေမှာပေါ့။ ကျွန်တော်တို့လည်း အခွင့်အရေးတွေ အများကြီးရရှိခဲ့ပါတယ်။ ကွာခြားသွားတာက ဒေါ့မွန်ဂိုးသွင်းနိုင်ပြီး ကျွန်တော်တို့ဂိုးမသွင်းနိုင်ခဲ့တာပါပဲ။ ဒါပေမယ့် ရလဒ်ပိုင်းကတော့ ဒါက အပေါင်းလက္ခဏာဆောင်တဲ့ပွဲစဉ်တစ်ခုဖြစ်ခဲ့တယ်ဆိုတာ ပြသနေပါတယ်”လို့ ပြောပါတယ်။

အင်းနရစ်နဲ့ သူ့ရဲ့ကစားသမားတွေက လာမယ့်သီတင်းပတ်၊ ဒုတိယအကျော့ပွဲစဉ်မှာ အလှည့်အပြောင်းတွေ ဖြစ်လာဖို့ မျှော်လင့်နေပါလိမ့်မယ်။

#ဒေါ့မွန် #ပီအက်စ်ဂျီ #ချန်ပီယံလိဂ် #အင်းနရစ်