ရှေ့သို့
Image

ဂျီရိုနာကို ရှုံးနိမ့်ပြီးနောက် ဒီလိုရှုံးပွဲတွေက ဒီရာသီ ဘာစီလိုနာရဲ့ အမှတ်အသားတစ်ခုဖြစ်တယ်လို့ ဆိုလာတဲ့ ဇာဗီ

5:37 PM, 5 May

ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ်က ယမန်နေ့ညက ဂျီရိုနာကို ၄-၂ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ဒီလိုရှုံးပွဲတွေက ဒီရာသီ ဘာစီလိုနာရဲ့ တွေ့ကြုံနေကျ အဖြစ်အပျက်တွေဖြစ်တာကြောင့် အမှတ်အသားတစ်ခုလိုဖြစ်နေပြီလို့ ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်ကြောင့် ဂျီရိုနာဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ကို လွတ်လွတ်ကျွတ်ကျွတ်ရရှိခဲ့သလို ရီးရဲလ်မက်ဒရစ်ကလည်း ရာသီကုန်ဖို့ ၄ ပွဲအလိုမှာပဲ လာလီဂါချန်ပီယံဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ 

ယခုရှုံးပွဲကြောင့် ဘာစီလိုနာကတော့ အမှတ်ပေးဇယားရဲ့ တတိယနေရာကို ကျဆင်းသွားခဲ့ပြီး ဂျီရိုနာကတော့ ဒုတိယနေရာကို တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဇာဗီက “ကျွန်တော်တို့ဒီပွဲမှာ အကြွေစေ့ရဲ့ ခေါင်းနဲ့ပန်းလို ကံကြမ္မာ ၂ ခုကိုကြုံတွေ့ခဲ့ရလို့ တကယ်ပဲစိတ်ပျက်မိပါတယ်။ ပထမပိုင်းမှာတော့ အသင်းရဲ့ခြေစွမ်းကို အရမ်းအားရမိပါတယ်။ ကျွန်တော်တို့က ဂျီရိုနာကို ဖိအားပေးထားနိုင်ပြီး အသာစီးကနေကစားနိုင်ခဲ့လို့ပါ။ ပွဲကစားချိန် မိနစ် ၆၀ အကျော်မှာတော့ ကျွန်တော်တို့ ဒီရာသီမှာကြုံတွေ့နေကျအတိုင်း ဖြစ်လာခဲ့ပြန်ပါတယ်”

“ကျွန်တော်တို့ စည်းကမ်းတကျမကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ တတိယဂိုးသာရခဲ့မယ်ဆိုရင်တော့ ရလဒ်က ပြောင်းလဲသွားနိုင်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ဘယ်လောက်အထိဖန်တီးနိုင်ခဲ့သလဲ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် လုံလောက်မှုရှိခဲ့ပါတယ်။ ဂိုးဧရိယာထဲမှာ အခုထက်ပိုပြီး ကြိုးစားအားထုတ်မှုပြုလုပ်ဖို့လိုပါတယ်။ ပြီးတော့ အမှားတွေလည်းရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ထုံးစံအတိုင်း ရှုံးနိမ့်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ဘာစီလိုနာဟာ ခရစ္စတန်ဆန်၊ လီဝန်ဒေါစကီးတို့ရဲ့သွင်းဂိုးတွေနဲ့ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်း မိနစ် ၆၀ ကျော်မှာတော့ ဂိုးတွေတောက်လျှောက်ခွင့်ပြုခဲ့ရတာကြောင့် ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဟာ လာလီဂါမှာ ဂျီရိုနာကို ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်း အဝေးကွင်း ၂ ကျော့စလုံးရှုံးနိမ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဆက်လက်ပြီး ဇာဗီက “ကျွန်တော်တို့အနေနဲ့ ဖလားလက်မဲ့ရာသီနဲ့ ကြုံတွေ့ရတော့မှာဖြစ်ပေမယ့် ရာသီကုန် ဒုတိယနေရာအတွက် တိုက်ပွဲဝင်သွားရပါဦးမယ်။ ကျန်တဲ့ ၄ ပွဲမှာ အတတ်နိုင်ဆုံး ကြိုးစားအားထုတ်သွားမှာဖြစ်ပေမယ့် ဒုတိယနေရာအတွက်က ကံကြမ္မာက ကျွန်တော်တို့လက်ထဲမှာ မရှိတော့ပါဘူး။ အသင်းကို စိတ်ပိုင်းဆိုင်ရာတည်ဆောက်မှုပြန်လည်ရယူပြီး နောက်ပွဲတွေမှာ ပြန်လာနိုင်ဖို့ပြင်ဆင်သွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 



#ဘာစီလိုနာ #ဇာဗီ #ဂျီရိုနာ