ရှေ့သို့
Image

ချန်ပီယံပြေးလမ်းမှာ ဂန်းနားတို့ အသာစီးရနေတဲ့ အဓိကအားသာချက်ကို ရှင်းပြလိုက်တဲ့ ပက်ဂွါဒီယိုလာ

5:47 PM, 5 May

ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ အာဆင်နယ်ရဲ့ဂိုးကွာခြားချက်အသာစီးရနေမှုကို ယှဉ်ပြိုင်နိုင်ဖို့ မန်စီးတီးအတွက် ဖြစ်နိုင်ခြေမရှိဘဲ လက်ကျန်ရာသီသိမ်းပွဲစဉ်သုံးခုကိုသာ မဖြစ်မနေအနိုင်ရရှိအောင် ကစားသွားရမယ်လို့ နည်းပြပက်ဂွါဒီယိုလာက သုံးသပ်ဝန်ခံလိုက်ပါတယ်။

ယမန်နေ့ညနေပိုင်း၊ ဘုန်းမောက်ကို အနိုင်ရရှိလိုက်ပြီးနောက် အာဆင်နယ်က ယာယီအားဖြင့် အမှတ်ပေးဇယားကို လေးမှတ်ဖြတ်ကာ ဦးဆောင်လိုက်နိုင်ပါတယ်။ ဒါပေမယ့် မန်စီးတီးကလည်း ညနက်ပိုင်းမှာ ဝုဗ်ကို ၅-၁ ဂိုးဖြင့် အနိုင်ကစားပြီး နှစ်သင်းအကြား အမှတ်ကွာဟမှုကို တစ်မှတ်အထိ ပြန်ဖြစ်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ မန်စီးတီးက ဖူလ်ဟမ်၊ တော့တင်ဟမ်၊ ဝက်စ်ဟမ်းတို့နဲ့ ယှဉ်ပြိုင်ကစားရဖို့ ကျန်ရှိနေသေးပြီး အာဆင်နယ်ကတော့ မန်ချက်စတာယူနိုက်တက်၊ အဲဗာတန်တို့နဲ့ ဆက်လက်ကစားရပါမယ်။ ဒါကြောင့် မန်စီးတီးအနေဖြင့် လက်ကျန်ပွဲစဉ်သုံးခုကို အနိုင်ရရှိအောင်ကစားနိုင်မယ်ဆိုရင် အမှတ်ပေးချန်ပီယံဘွဲ့ကို လေးနှစ်ဆက်သိမ်းပိုက်သွားနိုင်ပါလိမ့်မယ်။

ဒါပေမယ့် မန်စီးတီးက လက်ကျန်ပွဲစဉ်သုံးခုမှာ အမှတ်အနည်းငယ်လျော့ကျသွားပြီး တဖက်မှာလည်း လက်ကျန်ပွဲစဉ်နှစ်ခုကို အနိုင်ရရှိအောင် အာဆင်နယ်စွမ်းဆောင်နိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဆုက လန်ဒန်မြို့ကြီးဆီ ဦးတည်သွားဖို့ ရှိနေပြန်ပါတယ်။

ဒီနေရာမှာ အသင်းနှစ်ခုရမှတ်တူညီနေမယ်ဆိုရင် ဂိုးကွာခြားချက်ကလည်း အဓိကအရေးပါတဲ့အချက်တစ်ခု ဖြစ်လာနေပြီး မန်စီးတီးက အာဆင်နယ်ရဲ့နောက်မှာ ခြောက်ဂိုးအထိ ပြတ်ကျန်နေပါတယ်။

ဝုဗ်ကို ဂိုးပြတ်အနိုင်ရရှိပြီးနောက် ပက်ဂွါဒီယိုလာက နှစ်သင်းအကြားဂိုးကွာခြားချက် ပြန်လည်ကျဉ်းမြောင်းလာဖို့ဆိုတာ အလွန်ဖြစ်နိုင်ခြေနည်းပါးတဲ့ အခင်းအကျင်းတစ်ခုဖြစ်တယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။

ဝုဗ်နဲ့ပွဲစဉ်အပြီး Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ရာသီပိတ်နောက်ဆုံးရက်မှာ ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်သွားနိုင်မလားလို့ မေးမြန်းလာမှုကို ပက်ဂွါဒီယိုလာက “မှန်တာပေါ့၊ လွန်ခဲ့တဲ့နှစ်နှစ်၊ အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာလည်း ဒါမျိုးဖြစ်လာအောင် လုပ်နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့တွေ လာမယ့်စနေနေ့မှာ ဖူလ်ဟမ်ကို အနိုင်ရရှိအောင် ကစားရပါလိမ့်မယ်။ ဒီပွဲစဉ်က အမြဲတမ်းလိုလို ခက်ခဲပါတယ်။ တော့တင်ဟမ်ကလည်း အမြဲတမ်းလိုလို ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အာဆင်နယ်ရဲ့ဂိုးကွာခြားချက်အသာစီးရရှိနေမှုကို ကျွန်တော်တို့အသင်း လိုက်မီဖို့ဆိုတာ မဖြစ်နိုင်တော့လို့ပါ။ ဆောင်းရာသီအားလပ်ရက်ပြီးဆုံးချိန်ကတည်းက အာဆင်နယ်ရဲ့ကစားပုံဟာ သူတို့ရဲ့တည်ငြိမ်မှု၊ စွမ်းဆောင်ရည်ပိုင်းနဲ့အတူ အံ့ဖွယ်ကောင်းမွန်နေပါတယ်။

ဒါပေမယ့် ကျွန်တော်တို့မှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရှိပါတယ်။ လက်ကျန်ရာသီပိတ်ပွဲစဉ် သုံးခုရှိပါတယ်။ ကျွန်တော်တို့တွေ ဒီလက်ကျန်ပွဲစဉ်တွေအနက် ပထမပွဲနဲ့ ဒုတိယပွဲကို အနိုင်ကစားထားမယ်ဆိုရင် ကျွန်တော်တို့လက်ထဲမှာ ကျွန်တော်တု့ိဂုဏ်သိက္ခာကို စွဲကိုင်ရင်း ရာသီပိတ်ပွဲစဉ်ဆီ ရောက်ရှိသွားပါလိမ့်မယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

လက်ရှိမှာ တော့တင်ဟမ်က မန်စီးတီးနဲ့ကစားရမယ့် လက်ကျန်ပွဲစဉ်မှာ နိုင်ပွဲဖော်ဆောင်ရင်း အမှတ်ပေးချန်ပီယံဆုကံကြမ္မာကို သူတို့ရဲ့ခါးသီးမြို့ခံပြိုင်ဘက်ဆီ အရောက်ကမ်းပေးနိုင်မလား စောင့်ကြည့်သွားရဖို့ ရှိနေပါတယ်။

တဖက်မှာလည်း လာမယ့်တနင်္ဂနွေနေ့၊ အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့် မန်ချက်စတာယူနို်က်တက်က မြို့ခံဒါဘီပြိုင်ဘက်ကို အမှတ်ပေးချန်ပီယံပြေးလမ်းမှာ အသာစီးရရှိသွားအောင် ကူညီပေးသွားနိုင်မလား တပြိုင်နက်စောင့်ကြည့်သွားရပါမယ်။


#အာဆင်နယ် #ဂွါဒီယိုလာ #ပရီးမီးယားလိဂ်