ရှေ့သို့
Image

ဂရင်းဝုဒ်ကို နောက်ထပ်တစ်ရာသီ အငှားချဖို့ ဆွေးနွေးနေတဲ့ ယူနိုက်တက်

5:53 PM, 5 May

မန်ချက်စတာယူနိုက်တက်ဟာ ဂီတာဖေးမှာ အငှားချထားတဲ့ အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ကို နောက်ထပ်တစ်ရာသီအငှားချဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး လူငယ်ကစားသမားဟာ လာလီဂါမှာ ခြေစွမ်းပြသထားနိုင်တာကြောင့် ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ စိတ်ဝင်စားခြင်းကိုခံနေရပါတယ်။ 

ဂီတာဖေးအနေနဲ့ ဂရင်းဝုဒ်ကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိသော်လည်း ယူနိုက်တက်မှ တောင်းဆိုသော ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ဖို့မရှိတာကြောင့် အိုးလ်ထရက်ဖို့ဒ်အသင်းက ကစားသမားကို အခြားကလပ်တွေထံ အငှားချဖို့ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ 

တကယ်လို့ ယူနိုက်တက်အနေနဲ့ ဂရင်းဝုဒ်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ရောင်းချခြင်းမပြုလုပ်ခဲ့ပါက ၂၀၂၆ အထိစာချုပ်ချုပ်ဆိုထားတဲ့ ကစားသမားရဲ့စာချုပ်ကို နောက်ထပ် ၁၂ လအထိရွေးချယ်ခွင့်ကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ တကယ်လို့ အသက်-၂၂ နှစ်အရွယ်ကစားသမားက နောက်ထပ် ၁၂ လ သက်တမ်းတိုးခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်အနေနဲ့  အင်္ဂလန်သားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ကို ရှောင်လွှဲနိုင်မှာလည်းဖြစ်ပါတယ်။ 

လက်ရှိအသင်းတွဲဖက်ပိုင်ရှင်သစ် ဆာဂျင်မ်ရက်ကလစ်ဖ်က ဂရင်းဝုဒ်အတွက် ယူနိုက်တက်တံခါးကို အပြည့်အဝမပိတ်ပင်ထားသော်လည်း လက်ရှိစီစဉ်ထားတဲ့ အစီအစဉ်တွေအရတော့ ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာပြန်လည်ကစားနိုင်ချေမရှိဘူးလို့သိရပါတယ်။ 

ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ဂီတာဖေးအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲပါဝင်ကစားထားပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုစုစုပေါင်း ၁၆ ကြိမ်အထိ ပါဝင်ပတ်သက်ထားနိုင်တာဖြစ်ပါတယ်။ ကစားသမားအနေနဲ့ တောက်ပတဲ့ခြေစွမ်းကောင်းတွေကို ဆက်လက်ပြသနိုင်ဆဲဖြစ်သော်လည်း တစ်ချိန်ကပြုလုပ်ခဲ့တဲ့ အမှားတွေကြောင့် အသင်းတစ်သင်းသို့အပြီးသတ်ရောက်ရှိဖို့တော့ ခက်ခဲနေဆဲဖြစ်ပါတယ်။ 


#လာလီဂါ #မန်ချက်စတာယူနိုက်တက် #ဂရင်းဝုဒ်