ရှေ့သို့
Image

ဆာလက်ကို ကလော့ပ်ဘာပြောခဲ့သလဲဆိုတာ ထုတ်ဖော်လာခဲ့တဲ့ ဝက်စ်ဟမ်းကြယ်ပွင့်

4:08 PM, 2 May

ဝက်စ်ဟမ်းကြယ်ပွင့်ကစားသမား အန်တိုနီယိုက ပြီးခဲ့တဲ့အပတ်က လီဗာပူးကို ၂-၂ နဲ့သရေကျခဲ့တဲ့ ပွဲစဉ်မှာဖြစ်ပျက်ခဲ့တဲ့ ယာဂင်ကလော့ပ်နဲ့ မိုဟာမက်ဆာလက်တို့ရဲ့အငြင်းပွားမှုနဲ့ပတ်သက်ပြီး ကလော့ပ်က ဆာလက်ကိုဘာပြောခဲ့သလဲဆိုတာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဆာလက်ဟာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပြီး လူစားဝင်မရောက်မီ ကွင်းဘေးမှာ စောင့်နေစဉ် နည်းပြ ကလော့ပ်နဲ့ စကားအချေအတင်ဖြစ်ပွားခဲ့ပါတယ်။ ပွဲအပြီးမှာ အဆိုပါကိစ္စရပ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာလည်း ဆာလက်က သူပြောရင် ပြဿနာတွေဖြစ်လိမ့်မယ်လို့ တုံ့ပြန်ခဲ့ပြီး ဖြေကြားဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ အဆိုပါပွစဉ်မှာ လီဗာပူးဘက်ကို ဂိုးသွင်းခဲ့တဲ့ ဝက်စ်ဟမ်းကြယ်ပွင့် အန်တိုနီယိုက ကလော့ပ်နဲ့ ဆာလက်တို့ဘာတွေပြောခဲ့ကြသလဲဆိုတာကို သူတို့အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ကြားခဲ့ရတဲ့ အကြောင်း ပြန်လည်ပြောကြားလာခဲ့ပါတယ်။

အန်တိုနီယိုက “အခြေခံအားဖြင့်တော့ ဒါကတိကျတဲ့ သတင်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာ ဒီအဖြစ်အပျက်ကို ကြားလိုက်တဲ့ ကစားသမားတွေပြောနေတာတွေတော့ရှိပါတယ်။ သူတို့ပြောတာကတော့ ပုံမှန်ဆိုရင်ကလော့ပ်က လူစားဝင်ကစားသမားတွေ ကွင်းထဲမဝင်ခင်မှာ ပွေ့ဖက်ပြီး ကံကောင်းဖို့ ဆုတောင်းပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဆာလက်ကတော့ ကလော့ပ်ကို မသွားဘဲနဲ့ အခြားနေရာကို ထွက်သွားခဲ့တယ်တဲ့။ ကလော့ပ်က ဆာလုပ်ရဲ့လုပ်ရပ်ကိုမကျေနပ်လို့ “မင်း အရန်ခုံပြန်ထိုင်ချင်တာလား” လို့မေးခဲ့တယ်တဲ့။ ဒါပေမယ့် ဆာလက်က ဘာပြန်ပြောခဲ့သလဲဆိုတာကိုတော့ ဘယ်သူမှမသိလိုက်ပါဘူး။ ကျွန်တော်ကြားရသလောက်က‌တော့ အဲဒီလိုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးဟာ ဝက်စ်ဟမ်းကိုသရေကျခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေသော်လည်း ချန်ပီယံဖြစ်နိုင်တဲ့ လမ်းကြောင်းပေါ်ကနေတော့ ပြုတ်ကျသွားခဲ့ပြီဖြစ်ပါတယ်။ ယခုအခါမှာ ယာဂင်ကလော့ပ်ရဲ့အသင်းဟာ ထိပ်ဆုံးက အာဆင်နယ်နဲ့ ၅ မှတ်အကွာ ဒုတိယနေရာက တစ်ပွဲလျော့ မန်စီးတီးနဲ့ ၄ မှတ်အကွာ အနေအထားမှာရှိနေပါတယ်။

ယခုအခါမှာတော့ လီဗာပူးဂန္ထဝင် ဂျရေမီဆောင်းနက်စ်က ဆာလက်အနေနဲ့ ရာသီကုန်မှာ ဆော်ဒီကလပ်ကို ပြောင်းရွှေ့နိုင်ချေရှိတယ်လို့ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။ ဆောင်းနက်စ်က “ရာသီကုန်မှာ သူ့အနေနဲ့ အသင်းကနေထွက်ခွာဖို့ အခွင့်အရေးရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက အသက်-၃၂ နှစ်အရွယ်ရှိနေပြီဆိုတော့ ဆော်ဒီဘက်ကိုတော့ အနည်းငယ်ခေါင်းလှည့်လာဖို့ရှိပါတယ်။ ဒါကြောင့် နွေရာသီမှာပဲ ဆော်ဒီကို ရောက်သွားနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ဝက်စ်ဟမ်း #ကလော့ပ် #ဆာလက် #ပရီးမီးယားလိဂ်