ရှေ့သို့
Image

ပေါင် ၇၇ သန်းအပြင် လူကာကူကိုပါ အလိုက်ပေးပြီး အိုဆီမင်ကိုခေါ်ယူဖို့ ကမ်းလှမ်းလိုက်တဲ့ ချဲလ်ဆီး

5:34 PM, 5 May

ချဲလ်ဆီးအသင်းဟာ ဗစ်တာအိုဆီမင်ကိုခေါ်ယူဖို့ ပေါင် ၇၇ သန်းအပြင် တိုက်စစ်မှူး ရိုမီယိုလူကာကူကိုပါအလိုက်ပေးပြီး နာပိုလီအသင်းထံ ပထမဆုံးအကြိမ်ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ချဲလ်ဆီးဟာ မကြာသေးမီနှစ်များအတွင်း တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေခဲ့ပြီး ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့မှာတော့ နိုင်ဂျီးရီးယားတိုက်စစ်မှူးကိုခေါ်ယူဖို့ အဓိကပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ 

လက်ရှိအသင်းရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ အာမန်ဒိုဘရိုဂျာက ဇန်နဝါရီမှာ အငှားနဲ့ထွက်ခွာသွားသလို ဂျက်ဆန်ကလည်း ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ မကြာသေးမီရက်သတ္တပတ်များအတွင်းမှာ ချဲလ်ဆီးဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်ဆခိုကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် ဆက်ဆခိုကလည်း ဂျက်ဆန်လိုပဲ အတွေ့အကြုံ နုနယ်တဲ့တိုက်စစ်မှူးတစ်ဦးဖြစ်နေပါတယ်။ 

ယခုအခါမှာတော့ အီတလီသတင်းတွေရဲ့ဖော်ပြချက်အရ ချဲလ်ဆီးဟာ အိုဆီမင်ကိုခေါ်ယူဖို့ နာပိုလီအသင်းထံ ပထမဆုံးအကြိမ် ချိတ်ဆက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ မကြာသေးမီကလည်း ချဲလ်ဆီးဟာ လူကာကူကို အလိုက်ပေးပြီး ဒူဆန်ဗလာဟိုဗစ်ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ 

အိုဆီမင်ကို ခေါ်ယူဖို့ကြိုးစားနေတဲ့အသင်းတွေထဲမှာ ပီအက်စ်ဂျီကလည်း တစ်သင်းအပါအဝင်ဖြစ်ပေမယ့် နာပိုလီဘက်က “ပီအက်စ်ဂျီအသင်းကပဲ အိုဆီမင်ကိုခေါ်ယူဖို့ ချိတ်ဆက်နေတာမဟုတ်ပါဘူး။ သူတို့ရဲ့ချိတ်ဆက်မှုမတိုင်ခင်မှာ ချဲလ်ဆီးနဲ့ အရင်ဆုံးအဆက်အသွယ်ရှိခဲ့ပါတယ်” လို့ထုတ်ပြန်ခဲ့ဖူးပါတယ်။ 

ချဲလ်ဆီးအနေနဲ့ အိုဆီမင်ကိုခေါ်ယူဖို့ ပေါင် ၆၈ သန်းနဲ့ ၇၇ သန်းအကြား သုံးစွဲသွားဖို့ ဆန္ဒရှိနေသော်လည်း နာပိုလီဘက်ကတော့ အဆိုပါတန်ကြေးထက်များပြားတဲ့ပမာဏကို မျှော်လင့်နေတာဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ ချဲလ်ဆီးက နာပိုလီအတွက် လစ်လပ်သွားတဲ့ အိုဆီမင်ရဲ့နေရာမှာ ချက်ချင်းအစားထိုးထည့်သွင်းနိုင်ဖို့ လူကာကူကို အလိုက်ပေးမယ်လို့ ကမ်းလှမ်းလာခဲ့တာဖြစ်ပါတယ်။ 

တစ်ဖက်မှာလည်း ချဲလ်ဆီးက ဗလာဟိုဗစ်ကို စိတ်ဝင်စားနေတာကြောင့် လူကာကူကို ခေါ်ယူလိုနေတဲ့ ဂျူဗင်တပ်စ်နဲ့ ညှိနှိုင်းမှုပြုလုပ်သွားဖို့လည်း အလားအလာရှိနေပါတယ်။ ဒါကြောင့် အသင်းရဲ့ အားကစားဒါရိုက်တာအနေနဲ့ အိုဆီမင်နဲ့ပုံစံတူစာချုပ်တစ်ရပ်ကို ဂျူဗင်တပ်စ်ထံသို့လည်း ကမ်းလှမ်းမှုပြုလုပ်သွားဖွယ်ရှိနေပါတယ်။ 




#ချဲလ်ဆီး #နာပိုလီ #အိုဆီမင်